International News

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) က တရုတ် နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူးရှိနေလဲ - ၂၀၂၂ ကနဦးတွေ့ရှိချက်များ

Last Updated:

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) သည် ကမ္ဘာ့လူဦးရေနှင့် ဂျီဒီဘီတို့၏ သုံးပုံတစ်ပုံခန့်ကို အသီးသီး လွှမ်းခြုံထားပြီး လက်ရှိအချိန်အထိ ကမ္ဘာပေါ်တွင် အကြီးမားဆုံး လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်ဖြစ်ပါသည်။ အဖွဲ့ဝင် နိုင်ငံ(၁၅) အဖြစ် အာရှပစိဖိတ်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဩစတြေးလျနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့ပါဝင်   သည့် အဆိုပါ စာချုပ်သည် ၂၀၂၂ ခုနှစ် နှစ်ဦးတွင် စတင်အသက်ဝင်ခဲ့ပါသည်။ လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံတွင် စတင်သက်ဝင်နေပြီဖြစ်ပါသည် (အင်ဒိုနီးရှား၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ အတည်ပြုရန်ကျန်ရှိနေပါသည်)။

RCEP စာချုပ်သည် စာချုပ်သက်ဝင်သည့်နေ့မှစ၍ နှစ်ပေါင်း ၂၀ အတွင်း အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်ကုန်သွယ်မှုအတွက် စည်းကြပ်သည့်အခွန် အနည်းဆုံး ၉၀ ရာခိုင်နှုန်းကို ပယ်ဖျက်သွားနိုင်ရန် ရည်ရွယ်ပါသည်။ သို့မှ လွတ်လပ်စွာ ကုန်သွယ်မှုမြှင့်တင်ရန်၊ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို အားပေးထောက်ပံ့ခြင်း၊ အကောက်ခွန်လျှော့ချ ပယ်ဖျက်ခြင်းနှင့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်စေခြင်းဖြင့် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့်ဒေသတွင်းစီးပွားရေးကို လျင်လျင်မြန်မြန် နာလံထူစေနိုင်မည်ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံအများစုတွင် သက်ဝင်နေပြီဖြစ်သည့် RCEP စာချုပ်အရ တရုတ်နိုင်ငံသည် သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်မှုဆက်ဆံရေးကို ထူထောင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှု တိုးမြှင့်လာဖွယ်ရှိပါသည်။

RCEP သည် တရုတ်နိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အလွန်အရေးပါသည့် သဘောတူစာချုပ်ဖြစ်ပါသည်။ အဆိုပါစာချုပ်သည် တရုတ်စီးပွားရေးလုပ်ငန်းများအား နိုင်ငံအတွက် နှိုင်းယှဉ်အကျိုးများရှိသည့် ကုန်စည်များကို ပို့ကုန်မြှင့်တင်ရန် တွန်းအားဖြစ်စေခြင်းနှင့် အရေးပါသည့် နည်းပညာများ၊ အစိတ်အပိုင်းများနှင့် ကုန်ကြမ်းပစ္စည်းများကို တိုးမြှင့်တင်သွင်းခြင်းများကြောင့် တရုတ်နိုင်ငံအတွက်ကြီးမားသည့် ပို့ကုန်-သွင်းကုန် အခွင့်အလမ်းများကို ရရှိစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ RCEP သည် တရုတ်နိုင်ငံအတွက် အာရှ-ပစိဖိတ်နိုင်ငံများနှင့် မဟာဗျူဟာမြောက် ပိုမိုတည်ငြိမ်ပြီး ခိုင်မာသည့် ဆက်နွယ်မှုများကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

စာချုပ်သက်ဝင်ပြီး အစောပိုင်းလအနည်းငယ်အတွင်း RCEP အကောင်အထည်ဖော်‌ဆောင်ရွက်မှု အကျဉ်းချုပ်

၂၀၂၂ ခုနှစ်သည် RCEP စတင်သက်ဝင်သည့် နှစ်ဖြစ်ပါသည်။ ကပ်ရောဂါဖြစ်ပွားနေသော်လည်း တရုတ်နိုင်ငံနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုမှာ တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်ပ ကုန်သွယ်မှုတန်ဖိုး၏ ၃၀.၄ ရာခိုင်နှုန်းရှိပြီး၊ တန်ဖိုးအားဖြင့် ယွမ်ငွေ ၂.၈၆ ထရီလီယံ(ခန့်မှန်း အမေရိကန်ဒေါ်လာ ၄၄၈.၆ ဘီလီယံ)ရှိကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး (GAC) ၏ စာရင်းတွင် ဖော်ပြထားပါသည်။ အဆိုပါစာရင်းအင်းအချက်အလက်အရ အာဆီယံသည် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာပါသည်။

တရုတ်နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ပို့ကုန်သွင်းကုန် အပြန်အလှန်တင်ပို့မှုများ တဖြည်းဖြည်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂၀၃ ဘီလီယံ (ယွမ် ၁.၃၈ ထရီလီယံ) နှင့် အမေရိကန်ဒေါ်လာ ၂၁၈ ဘီလီယံ (ယွမ် ၁.၄၈ ထရီလီယံ) အထိ အသီးသီးမြင့်တက်ခဲ့သောကြောင့် ယခင်နှစ်အလားတူကာလထက် ၁၁.၁ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုကို အသေးစိတ်ကြည့်လျှင်  စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းထုတ်ကုန်များ တင်ပို့မှုမှာ ၅၂.၁ ရာခိုင်နှုန်းနှင့် လုပ်သားအခြေပြုထုတ်ကုန်များတင်ပို့မှုမှာ ၁၇.၈ ရာခိုင်နှုန်းရှိပြီး၊ သွင်းကုန်တင်သွင်းမှုအနေဖြင့် စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းထုတ်ကုန်များ တင်သွင်းမှုမှာ ၄၈.၅ ရာခိုင်နှုန်း၊ သတ္တုရိုင်းနှင့် သတ္တုရိုင်းသဲမှာ ၉.၆ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ၆ ရာခိုင်နှုန်းတင်သွင်းခဲ့ပါသည်။ အလားတူ အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းမှုမှာ နှစ်စဉ် ၁၄.၁ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန် ဒေါ်လာ ၆.၇၅ ဘီလီလံ (ယွမ် ၄၆.၀၂ ဘီလီယံ) ရှိပြီး တရုတ်၏ စုစုပေါင်း စိုက်ပျိုးရေးသွင်းကုန် တင်သွင်းမှု တန်ဖိုး၏ ၁၃.၇ ရာခိုင်းနှုန်းရှိပါသည်။

RCEP အဖွဲ့ဝင်ဖြစ်လာခြင်းကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများသည် ပထမသုံးလပတ်တွင် ယွမ် ၆.၇ ဘီလီယံတန်ဖိုးရှိသော သွင်းကုန်များအတွက် ယွမ် သန်း ၁၃၀ နှင့် ပို့ကုန်များတွင် ယွမ် ၃၇.၁ ဘီလီယံတန်ဖိုးရှိ ပို့ကုန်အတွက် ယွမ် ၃၇.၁ ဘီလီယံတန်ဖိုးရှိ ဦးစားပေးအကောက်ခွန် (preferential tariff treatment) ရရှိသည့်အတွက်  ယွမ် သန်း ၂၅၀ ရရှိခဲ့ကြောင်း အကောက်ခွန်စာရင်းဇယားများအရ သိရှိရပါသည်။ ကုန်စည်တင်ပို့ရောင်းချမှုအတွက်ရရှိမည့် အကောက်ခွန်သက်သာခွင့်များရယူရန် တွန်းအားပေးဆောင်ရွက်ချက်အနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်း ကုမ္ပဏီများကို RCEP ထောက်ခံချက် ၁၀၉,၀၀၀ စောင် ထုတ်ပေးခဲ့ပါသည်။

အခြား  RCEP အဖွဲ့ဝင် ၁၄ နိုင်ငံအနက် တောင်ကိုရီးယားသည် တရုတ်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာ ပြီးခဲ့သောနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၁၄.၄ ရာခိုင်နှုန်း တိုးတက်လာပြီး၊ ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၉၀.၃ ဘီလီယံ ရှိခဲ့ပါသည်။ RCEP ကြောင့် နှစ်နိုင်ငံအကြား ပထမဆုံအကြိမ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈၉.၆ ဘီလီယံ ရှိခဲ့ပါသည်။ ပြီးခဲ့နှစ်ကာလတူထက် ၃.၈ ရာခိုင်နှုန်း တိုးတက်လာသည့် အာဆီယံနှင့် တရုတ်အကြား ကုန်သွယ်မှုမှာ ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၂၁၂.၂ ဘီလီယံရှိပြီး၊ အမြင့်ဆုံးတိုးတက်လာသည့်ကုန်သွယ်မှုမှာ ကမ္ဘောဒီယားနှင့်တရုတ် ကုန်သွယ်မှုဖြစ်ကာ ၃၉.၁ ရာခိုင်နှုန်းနှင့် ဒုတိယအမြင့်ဆုံးမှာ ၃၁.၁ ရာခိုင်နှုန်းဖြင့် အင်ဒိုနီးရှားနှင့်ကုန်သွယ်မှုဖြစ်ပါသည်။

ရေရှည်တွင် RCEP က တရုတ်နိုင်ငံအတွက် ဘာဖြစ်လာမလဲ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးဆိုင်ရာစာချုပ်များကို အရည်အသွေးမြင့်မြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရေး လမ်းညွှန်ချက်သစ်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်သည် အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ရရှိနိုင်ရန်အတွက် ဒေသခံအစိုးရများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပိုမိုပွင့်လင်းသည့် ဒေသတွင်းဈေးကွက်များနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် လမ်းညွှန်သွားနိုင်ရန် ရည်ရွယ်ထားပါသည်။

RCEP စာချုပ်သည် စီးပွားရေးလွတ်လပ်ခွင့်ကို အသားပေးထားခြင်းကြောင့် တရုတ်အတွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေမည့် ဆောင်ရွက်ချက်ဖြစ်သည့် အဆင့်မြင့်ဖွင့်လှစ်ပေးခြင်းဖြင့်  ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားဖြစ်စေပါသည်။ အဆိုပါစာချုပ်သည် တရုတ်နိုင်ငံ၏ တည်ငြိမ်သည့် ပြည်ပကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးဆောင်ရွက်ချက်နှင့် စက်မှုအဆင့်မြှင့်တင်ခြင်းများကို တိုးမြှင့် လုပ်ဆောင်စေသကဲ့သို့ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများချမှတ်ရန် အထောက်အကူပြုမည်ဖြစ်ပါသည်။ ပြည်ပဈေးကွက်များမှ အဆင့်မြင့်ထုတ်ကုန်များ ဝယ်လိုအားသည်လည်း တရုတ်စီးပွားရေးလုပ်ငန်းများကို ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အကောင်းဆုံးလုပ်ဆောင်သွားစေရန် စေ့ဆော်ပေးပြီး စက်မှုလုပ်ငန်းအဆင့်မြှင့်တင်မှုများ တွန်းပို့သွားမည်ဖြစ်ပါသည်။

အကောက်ခွန်များ တဖြည်းဖြည်း လျှော့ချပယ်ဖျက်ခြင်းသည် စာချုပ်ဝင်ဒေသများအတွက် အရင်းအမြစ် အမျိုးမျိုးကို လွတ်လပ်စွာ စီးဆင်းနိုင်သည့် တစ်စုတစ်စည်းတည်းဖြစ်သည့် ဈေးကွက်ကြီး တစ်ခုဖြစ်လာစေမည်ဖြစ်ပါသည်။ ထိုသို့ဖြစ်လာခြင်းသည် နှိုင်းယှဉ်အကျိုးကျေဇူး၊ ကုန်ပစ္စည်းများ၊ နည်းပညာနှင့် အရင်းအနှီး လဲလှယ်မှုတွင် အကျိုးအမြတ်ရရှိမှု၊ ဒေသတွင်း၌  နယ်စပ်ဖြတ်ကျော်သွားလာခြင်းများကို အခြေခံ၍ ဒေသတွင်း ရောင်းချမှုနှင့် တန်ဖိုးကွင်းဆက်ကို ပြန်လည်ပုံစံချသွားလိမ့်မည်ဖြစ်ပါသည်။ အလားတူဒေသတွင်း စီးပွားရေးရာလည်ပတ်မှုမှာ ပိုမိုလွယ်ကူလာအဆင်ပြေလာမည်ဖြစ်သကဲ့သို့ ပြိုင်ဆိုင်မှုများလည်း မြင့်တက်လာမည်ဖြစ်ပါသည်။ တရုတ်၏ စက်မှုလုပ်ငန်းများနှင့် နည်းပညာအင်အားတို့မှာ အခြားနိုင်ငံများကို ၎င်း၏ နှစ်ထပ်လည်ပတ်မှုတွင် ပါဝင်လာစေမည်ဖြစ်ပါသည်။ အကောက်ခွန်စည်းကြပ်မှုမရှိပါက နှိုင်းယှဉ်အကျိုးရလဒ်မှာ ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှု ရှိလာနိုင်မည် ဖြစ်ပါသည်။

RCEP စာချုပ်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာခြင်းတို့အတွက် အထောက်အကူပြုခြင်းကြောင့် ယွမ်ငွေဖြင့် ပေးချေမှုအလားအလာမှာ ပိုမိုများပြားလာပါသည်။ လက်ရှိအချိန်တွင် ဒေါ်လာငွေ အသုံးပြုမှုအစား နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများတွင် ယွမ်ငွေကို အသုံးပြုလာခြင်းသည် ဒေသတွင်းကုန်သွယ်ရေး ထိရောက်လွယ်ကူမှု ပိုမိုတိုးတက် လာမည်ဖြစ်ပါသည်။

နောက်ဆုံးအချက်အနေဖြင့် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road Initiative- BRI)စီမံချက်အပြင် RCEP ၌ ပါဝင်လာမှုသည် အခြေခံအဆောက်အဦ ပေါင်းစပ်ဆက်နွယ်မှုကို တည်ဆောက်ခြင်းဖြင့် ဒေသ၏ စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောမှုကို မြှင့်တင်ပေးမည် ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၏ ပထမသုံးလပတ်အတွင်း တရုတ် စီးပွားရေးလုပ်ငန်းများသည် BRI နိုင်ငံများသို့ ယွမ် ၂၀.၀၈ ဘီလီယံ တန်ဖိုးရှိ ငွေကြေးမဟုတ်သော တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ပါသည်။ အဓိကအားဖြင့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် အခြား အာဆီယံနိုင်ငံများသို့ ဝင်ရောက်သွားခဲ့သည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းအထိ ပထမဆုံးအကြိမ် အဖြစ် ရောက်ရှိခဲ့ပါသည်။

RCEP ကြောင့် စောင့်ကြည့်ရမယ့်ပြောင်းလဲမှုလမ်းကြောင်းတွေက ဘာတွေလဲ

RCEP ၏ အခန်း ၁၂ သည် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်း (e-commerce) ကို မြှင့်တင်ရန်နှင့် e-commerceကို အထောက် အကူဖြစ်စေသော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန်ဖြစ်ပြီး၊ ရည်မှန်းချက်မှာ သွင်းကုန်နှင့် ပို့ကုန် အတွက် ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် ဒေသတွင်းရှိ စက်မှုနှင့် တန်ဖိုးကွင်းဆက်များ ပိုမိုပေါင်းစည်းရန်ဖြစ်ပါသည်။

ပြည်ပကုန်သွယ်မှုပုံစံသစ်တစ်ခု ဖြစ်သည့် နယ်စပ်ဖြတ်ကျော်၍ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်းမှာ တရုတ်နိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်များ ပိုမိုတည်ငြိမ်စေရန်အတွက် အရေးပါသည့်တွန်းအားတစ်ရပ် ဖြစ်လာခဲ့ပါသည်။ ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခြင်းကြောင့် ၂၀၂၁ ခုနှစ်တွင် တရုတ်၏ နယ်စပ်ဖြတ်ကျော် e-commerce ပို့ကုန်၊ သွင်းကုန် တင်ပို့မှုတန်ဖိုးမှာ ယွမ် ၁.၉၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၁၁.၅ ဘီလီယံ) ရှိပြီး၊ ထိုပမာဏအနေက် ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ယွမ် ၁.၄၄ ထရီလီယံရှိကာ နှစ်စဉ် ၂၄.၅ ရာခိုင်နှုန်း တိုးတက်လာပါသည်။

ဒီဂျစ်တယ်စီးပွားရေး လျင်မြန်စွာ တိုးတက်လာမှုနှင့်အတူ ဆိုက်ဘာလုံခြုံရေး၊ လူတစ်ဦးချင်း၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နှင့် အမျိုးသားလုံခြုံရေးနှင့်ဆက်စပ်၍ RCEP သဘောတူညီချက်၏ အခန်း ၁၂ အပေါ် စိတ်ပါဝင်စားလာကြပါသည်။ အခန်း ၁၂ ၏ သိသာထင်ရှားသည့် ရှုထောင့်နှစ်ရပ်မှာ နိုင်ငံအလိုက် ကွန်ပျူတာ အဆောက်အဦနှင့် အချက်အလက်များထားရှိရန်လိုအပ်ခြင်းကို တားမြစ်ထားခြင်းဖြစ်ပါသည်။ စာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် စာချုပ်ပါပြဌာန်းချက်အရ ပထမဆုံးအကြိမ် ကတိကဝတ်ပြုခြင်းအနေဖြင့် နိုင်ငံအလိုက် အချက် အလက်များ သိုလှောင်ထားရှိမည့်နေရာနှင့် အချက်အလက်ထားရှိမှုတားမြစ်ခြင်းကို လိုက်နာရန် ကတိကဝတ်ပြုလိုက်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် အချက်အလက်နှင့်စပ်လျဉ်း၍ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကိုင်တွယ်သည့် အလေ့အထမှ သိသိသာသာ သွေဖယ်သွားခြင်းဖြစ်ပါသည်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများကို မြှင့်တင်ပါ

RCEP သက်ဝင်လာခြင်းကြောင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် ပါဝင်လာနိုင်မည့် အရေးပါသော အခွင့်အလမ်းများကို ဖန်တီးပေးခြင်းဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများကို မြှင့်တင်ပေးသွားမည်ဖြစ်ပါသည်။ ဒေသတွင်း ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် စီမံခန့်ခွဲမှု လွယ်ကူချောမွေ့စေရန်၊ ဒေသတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူရာတွင် ရွေးချယ်မှု များပြားလာရန်၊ စီးပွားရေး လုပ်ငန်း များအတွက် ငွေပေးချေမှု ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်နှင့် အသေးစား၊ အလတ်စားလုပ်ငန်းများကိုဒေသတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ချက်များတွင် ပါဝင်လာစေရန် အတွက်  RCEP တွင် ‘ပင်ရင်းဒေသထွက်ကုန်’ စည်းမျဉ်းတစ်ရပ်ကို ထည့်သွင်း ချုပ်ဆိုထားပါ သည်။

 

 

 

( နှင်းဇာလွှာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန)

Category: International News